လက်ရှိ
ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် စမတ်ဖုန်း Brand အမှတ်တံဆိပ်
အမျိုးအစားပေါင်း ၃ဝ ကျော်ရှိပြီး အရောင်းရဆုံး ဖုန်းအမျိုးအစားမှာ
Samsung အမှတ်တံဆိပ် ဖြစ်ကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရသည်။
ပြည်တွင်းဈေးကွက်၌ တန်ဖိုးမြင့်မားသည့် အမြင့်ပိုင်း ဖုန်းအမျိုးအစားတွင် Samsung သည် အရောင်းရဆုံးဖြစ်ပြီး အလယ်အလတ်တန်းစား စမတ်ဖုန်းအဖြစ် Huawei, Xiaomi, OPPO, Vivo ဖုန်းများ ရောင်းရကြောင်းကို လသာလမ်းရှိ DMobile မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ပိုင်ရှင်ကိုဇော်မင်းထွန်းက "အမြင့်မှာ ဆိုရင်တော့ Samsung များတယ်။ Mid range ဆိုရင်တော့ Huawei, OPPO, Vivo, Xiaomi စတာတွေ ရောင်းရတယ်" ဟု ပြောသည်။
လက်ရှိဈေးကွက်တွင် Samsung အမှတ်တံဆိပ်သည် အရောင်းရဆုံးဖြစ်ပြီး အလယ်အလတ်တန်းစား စမတ်ဖုန်း အမျိုးအစားတွင် Xiaomi အမှတ်တံဆိပ်သည် အရောင်ဆုံးဖြစ်ကြောင်း သိရသည်။ ထို့ပြင် Apple iPhone သည်လည်း လူကြိုက်များလျက် ရှိကြောင်းသိရသည်။
"ညီမတို့ ဆိုင်အနေနဲ့ဆိုရင်တော့ ရောင်းရတာကတော့ Sam-sung ရှိတယ်။ နောက်ပြီး iPhone ရှိတယ်။ အဲနှစ်မျိုးကတော့ အခုလောလောဆည်မှာ အရောင်းရဆုံးပဲ။ Huawei ကတော့ အခု တစ်လ နှစ်လအတွင်းမှာ Samsung ထက်စာရင် နည်းနည်းလေး ပြန်ကျတယ်။ အရင်တုန်းကတော့ Samsung နဲ့ ရောင်းအား တန်းတူလောက်ရှိတယ်။ တခြား Brand အနေနဲ့တော့ OPPO, Vivo တွေကလည်း နောက်ပိုင်း အရောင်းတက်လာပါတယ်။ ဒါပေမယ့် ခုလောလော ဆယ်ညီမဆိုင်အနေနဲ့ အများဆုံး ရောင်းရတာကတော့ Samsung ပါ" ဟု လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင် Apple, HTC, LG, Samsung, Huawei, Sony, Nokia, Meizu, Xiaomi, Gionee, OPPO, Lenovo, Vivo, Mobilo, KENBO, Intex, Asus, Acer, Alcatel, Color, Xolo, Circle Tech, Singtech, Cherry, Hisense, Hello, OUKITEL, G-Five, ZOPO, Coolpad, One Plus စသည့် အမှတ်တံဆိပ်ဖုန်းများကို တင်သွင်းရောင်းချ လျက်ရှိရာ သုံးစွဲသူများအနေဖြင့် အမြင့်ပိုင်း Flagship မော်ဒယ် စမတ်ဖုန်းများထက် ဒီဇိုင်းလှပပြီး တန်ဖိုးသင့်တင့်သော စမတ်ဖုန်းနှင့် တန်ဖိုးသက်သာသော စမတ်ဖုန်းများကိုသာ ပိုမိုရွေးချယ် သုံးစွဲလာကြောင်း မိုဘိုင်းဖုန်းဈေးကွက်မှ သိရသည်။

0 comments:
Post a Comment