၂၀၁၅
ခုနှစ်အတွင်း အွန်လိုင်းမှ အလုပ်အကိုင်ခေါ်ယူမှုနှင့်
အလုပ်အကိုင်လျှောက်ထားမှု အများဆုံးသော အလုပ်အမျိုးအစား ၁၀ မျိုးကို
work.com.mm က ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ထိပ်ဆုံး အလုပ်အကိုင် ၁၀
မျိုးတွင် အိုင်တီအလုပ်အကိုင် ပါဝင်ခဲ့ကြောင်း သိရသည်။
work.com.mm သည် လစဉ် အွန်လိုင်းအလုပ်အကိုင် ရှာဖွေမှုစစ်တမ်းကို ထုတ်ပြန်ပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ် အတွင်း အွန်လိုင်းမှတစ်ဆင့် ခေါ်ယူမှုအများဆုံးနှင့် ရှာဖွေလျှောက်ထားမှု အများဆုံး အလုပ်အကိုင်များကို ပြန်လည်စုစည်း၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ အွန်လိုင်းမှတစ်ဆင့် ခေါ်ယူမှုအများဆုံးနှင့် ရှာဖွေလျှောက်ထားမှု အများဆုံး အလုပ်အကိုင်များတွင် စာရင်းကိုင်/ဘဏ္ဍာရေး၊ အရောင်း၊ အိုင်တီ၊ အုပ်ချုပ်စီမံ၊ လူ့စွမ်းအားအရင်းအမြစ်စီမံ၊ ဈေးကွက်မြှင့်တင်ရေး၊ ပညာရေး၊ စီမံခန့်ခွဲမှု၊ အင်ဂျင်နီယာ၊ ဟိုတယ်ခရီး စသည့် အလုပ်အကိုင်များက ထိပ်ဆုံးမှ ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။
ဝန်ထမ်းခေါ်ယူမှုအများဆုံး လုပ်ငန်းကြီးများတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကြီးများ၊ အိုင်တီနည်းပညာ လုပ်ငန်းကြီးများ၊ ဈေးကွက်ဖြန့်ချိရေး လုပ်ငန်းကြီးများ၊ ဆောက်လုပ်ရေး/အင်ဂျင်နီယာ လုပ်ငန်းကြီးများ၊ စားသောက်ကုန်/ အဖျော်ယမကာလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်/ခရီးသွားလုပ်ငန်းနှင့် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများက အများဆုံးဖြစ်သည်။
အဆိုပါ လုပ်ငန်းများထဲမှ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများသို့ နည်းပညာဘွဲ့ရ လူငယ်များက လျှောက်ထားလိုမှုများခဲ့ပြီး စီးပွားရေးဘွဲ့ရနှင့် အခြားဘွဲ့ရပြီးစ လူငယ်များက ဘဏ်လုပ်ငန်းသို့ လျှောက်ထားလိုမှု မြင့်မားခဲ့ကြောင်း သိရသည်။
credit internetjournal

0 comments:
Post a Comment